Monday, 19 March 2012


ဟက်ကာတို့ အထုပ္ပတ္တိ

ပြီးခဲ့တဲ့နေ့က ကွန်ပျူတာ ဂျာနယ် တစ်စောင် ဖတ်မိတော့ ဟက်ကာများ အကြောင်း တော်တော် စုံစုံလင်လင် ဖော်ပြထားတဲ့ နာမည်ကြီး စာအုပ် တစ်အုပ် ရှိကြောင်း သိလိုက်ရတယ်။ Steven Levy ရဲ့ Hackers:Heroes of the computer Revolution တဲ့။ အမြည်းလေး တွေ ဖတ်ကြည့်ပြီး လိုက်ရှာကြည့်တယ်။ အဆင်ပြေတယ်။ တွေ့တာနဲ့ လိုချင်သူများလည်း ယူနိုင်အောင် ပြန်တင်ပေးလိုက်ပါတယ်။
အဲ့အထဲက ကျနော် ဖတ်မိသလောက် အမြည်းလေးတွေကို နည်းနည်းထုတ်ကြည့်ပါ့မယ်။ ဒီအမြည်းက အဲ့စာအုပ်ရဲ့ စာရေးသူ Steven Levy ကိုယ်တိုင် စာအုပ်ရီဗျူး လုပ်တဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားတာ ဖြစ်ပါသတဲ့။
ဒစ်ဂျစ်တယ် အသွင်ပြောင်းတွေ ဒီလောက်မြန်ဆန်နေတဲ့ ကြားမှာ ဟက်ကာ တွေဟာ အဓိက Key Player တွေ ဖြစ်မယ်လို့ ကျနော် မမျော်လင့်ထား မိပါဘူး။ စာအုပ်ရေးဖို့ စတဲ့အချိန်က ဟက်ကာတွေကို တစ်ဆင့်နိမ့် ယဉ်ကျေးမှု မှာ နည်းနည်းပဲ စိတ်ဝင်စားစရာ ကောင်းတဲ့ သူတွေလို့ ကျနော် ထင်ထား ခဲ့တာပါ။ ဒါပေမယ့် သူတို့ကို သုတေသန ပြုကြည့်တဲ့ အခါ သူတို့ရဲ့ ကြံစည် တွေးခေါ်မှု၊ သူတို့ရဲ့ အောင်မြင်မှုဟာ လူတွေအတွက် ကွန်ပျူတာ ပိုင်း အသိသညာတွေ အများကြီး ဖော်ထုတ်ပေးနေတယ် ဆိုတာ တွေ့လိုက်ရပါတယ်။
အရင် MIT က ဟက်ကာတွေက ယနေ့သုံးနေတဲ့ Word Processing ဆိုတာ ဖြစ်နိုင်ခြေ ရှိတယ်လို့ သဘောပေါက်ထားတယ်။ နောက်ပြီးတော့ ဒစ်ဂျစ်တယ် ဗီဒီယို ဂိမ်းကို လည်း တီထွင်ခဲ့တယ်။ ဟက်ကာတွေရဲ့ ကြိုးပမ်းချက်ကြောင့် နည်းပညာသစ်တွေ မကုန်နိုင် မဆုံးနိုင် ပေါ်ပေါက် လာကြတယ်။ ကမ္ဘာကြီး ပြောင်းလဲ လာတယ်။ ဟက်ကာ တော်တော်များများက လှည့်ကွက်လှလှလေးတွေ သုံးပြီး အပျော်သဘောနဲ့ ချပြထားလိုက်သလား မှတ်ရတယ်။
နို့ပေမယ့် ဒါက အချက်အလက်ပဲ ရှိနေတာ။ သူ့နောက်ကွယ်က သဘောတရားက အံ့ဩစရာ ကောင်းလောက်အောင် ရှိနေ ပြန်ပါသေး တယ်။ ဟက်ကာ အစစ်အမှန် တွေက တန်ဖိုးရှိတဲ့ အရာတွေကို မျှဝေကြရာမှာ သတင်း အချက်အလက်ခေတ်မှာ အခြေခံ သဘောတရားတွေ ဖြစ်လာ ပါတယ်။ နှုတ်က ဖွင့်မပြော ပေမယ့် ရှိနေတဲ့ ကျင့်ဝတ်တွေကို ဟက်ဟာတို့ရဲ့ လိုက်နာစောင့်ထိန်း ရမယ့် ကျင့်ဝတ်တွေ အဖြစ် ကျနော် အဓိပ္ပါယ် ဖွင့်ဆိုဖို့ ကြိုးစားခဲ့ပါတယ်။ အချို့ အယူအဆ တွေက ခုချိန်မှာ သိသိသာသာ မြင်သာလာပြီ ဆိုပေမယ့် အဲ့ဒီ အချိန်တုန်းက လက်ခံဖို့ ဆိုတာတော့ ဝေးနေသေးတယ် ပြောရမယ်။ ဒစ်ဂျစ်တယ် ခေတ်မှာ အသိဥာဏ် အမြော်အမြင်နဲ့ လုပ်ငန်းကျွမ်းကျင်သူက ထိပ်ဆုံးက ရနေနိုင်တယ် လို့ ပြောကြတယ်။ ( ဒီနေရာမှာ ဟက်ကာတွေကို သူတို့ရဲ့ Hecking လုပ်နိုင်တဲ့ အပေါ်မူတည်ပြီး ဆုံးဖြတ်သင့် တယ် ။ ဘွဲ့ဒီဂရီ၊ အသက်၊ လူမျိုး ဒါမှ မဟုတ် ရာထူးစတဲ့ အတုအယောင် စံနှုန်းတွေနဲ့ မဆုံးဖြတ်သင့်ဘူး။ ) နောက်တစ်ခု ရှိနေသေးတာက ကွန်ပျူတာတွေဟာ ဩဇာ အာဏာကို တော်လှန် ပုန်ကန်တဲ့ ကိရိယာ တစ်ခု ဖြစ်တယ်ဆိုတာပါပဲ။ ဘယ်သူ မဆို ကီးဘုတ် တစ်ခု နဲ့ လုံလောက်တဲ့ ဥာဏ် စွမ်းရည် ရှိနေရင် အဲ့ဒါ ဟာ ပါဝါ အာဏာ ရသွားဖို့ ခွင့်ပြုလိုက်တာပဲ ဖြစ်ပါတယ်။
နောက်တစ်ခုက သတင်းအချက် အလက်ပါ ။
“သတင်း အချက်အလက် မှန်သမျှ အလကား Free ဖြစ်ရမယ်” တဲ့
ဟက်ကာတွေရဲ့  ဘိုးအေးကြီး / Whole Earth Catalog ကို တည်ထောင်သူ Stewart Brand က ဟက်ကာများ ပထမဆုံး ညီလာခံမှာ ပြောခဲ့တာ တစ်ခု ရှိပါတယ်။ “တစ်ဖက်က ကြည့်ရင် သတင်းအချက် အလက်ဆိုတာ ဈေးကြီးတဲ့သဘော ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ သိပ်တန်ဖိုးရှိလို့။ နောက်တစ်ဘက်မှာလည်း သတင်းအချက် အလက်က အခမဲ့ သဘော ဖြစ်နေပြန်တယ်။ ဘာကြောင့်လဲ ဆို သတင်း အချက် အလက်အတွက် အချိန်တိုင်းလိုလို ကုန်ကျစရိတ်နည်း နေကြလို့ “တဲ့..။
အဲ့နှစ်ခုက တစ်ခုနဲ့ တစ်ခု တွန်းတိုက်နေကြတယ်။
တကယ်က နည်းပညာရှင်တွေသာ မကဘူး။ ပရိုဂရမ်မာတွေ ၊ အတွေးအခေါ် သမားတွေ ၊ စွန့်ဦးတီထွင်သူတွေ အဲ့မျိုးဆက်တွေကို ဟက်ကာတွေက ဆွဲဆောင် ထားနိုင်ကြတာ ဖြစ်ပါတယ်။ ကွန်ပျူတာ အသုံးပြုသူတိုင်း အကျိုးရှိလာကြတယ်။ အင်တာနက် ကိုယ်နှိုက်က ဟက်ကာတွေရဲ့ ကျေးဇူး မကင်းဘူးလို့ ပြောရမယ်။ Hecker ဆိုတဲ့ စကားလုံးကို လူကြိုက်များလာကြတယ်။
ဟက်ကာတွေရဲ့ အကြောင်းတွေကို ခေတ်စီးပွားရေးပိုင်း၊ နည်းပညာပိုင်းတွေနဲ့ ယှဉ်ဆက်ပြီး ရေးသားသွားတဲ့ ဒီစာအုပ်ကို
စိတ်ဝင်စားသူများ ဖတ်ရှုနိုင်ကြဖို့ တင်ပေးလိုက်ပါတယ်။ခင်ဗျာ။
Hackers : Heroes of the Computer Revolution ( 25th Anniversary )

Ref: Hacker:Heroes of Computer Revolution
___ Computer Journal: September 2010